James ED

မနေ့က နောင်တတွေနဲ့ ဒီနေ့ကို ဖြတ်သန်းနေတုန်းလား

ကျွန်တော်တို့တွေဟာ ပြီးခဲ့တဲ့ အတိတ်က ကိစ္စတွေကို အချိန်အတိုင်းတာ တစ်ခုထိ ပြန်တွေးရင်း နောင်တရတတ်ကြပါတယ်။

“မနေ့ကသာ စာပိုလုပ်ခဲ့ရင် ဒီနေ့ စာမေးပွဲ ပိုဖြေနိုင်မှာ” ဆိုတာမျိုးလို ကိုယ်ထိန်းချုပ်နိုင်တဲ့ ကိစ္စတွေသာမက “ငါသာ အိမ်က စောစောထွက်ခဲ့ရင် ဒီ Bus ကားကိုမီမှာ ဆိုတာမျိုးလို ကိုယ်မထိန်းချုပ်နိုင်တဲ့ ကိစ္စတွေ အပေါ်လဲ အနည်းနဲ့အများ နောင်တရ တတ်ကြပါတယ်။ ဒီလိုမနေ့က လုပ်ခဲ့တဲ့ အမှားတွေကို နောင်တရရင်းနဲ့ ဒီနေ့ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းဖို့ မေ့နေတတ်ကြပါတယ်။ ကျွန်တော်တို့တွေရဲ့ ဘဝမှာ ဘယ်တော့မှ မလုပ်မိခဲ့ရင် ကောင်းမယ်ဆိုတဲ့ ကိစ္စမျိုးကို အခြေနေအမျိုးမျိုးကြောင့် လုပ်ဖြစ်သွားခဲ့တဲ့ အခိုက်အတန့်မျိုး လူတိုင်းမှာ ကိုယ်စီရှိကြပါတယ်။ ညအိပ်ခါနီး ပြီးခဲ့တာတွေကို ပြန်တွေးရင်း “ငါသာ ဘယ်လို လုပ်ခဲ့ရင် ဒါတွေ မဖြစ်လာဘူး” ဆိုတဲ့ အတွေးနဲ့ တချို့ကိစ္စလေးတွေကို စိတ်ကူးထဲမှာ ပြန်ပြင်ဖူးကြမှာပါ။ အကယ်လို့ ကျွန်တော်တို့တွေသာ ပြီးခဲ့တဲ့ အမှားတွေကို ပြန်ပြင်နိုင်ခဲ့မယ်ဆိုရင် ဘယ်လိုလူမျိုး ဖြစ်လာကြမယ်ထင်လဲဗျ။ အမှားတွေကနေ သင်ခန်းစာယူပြီး နောက်ထပ်မဖြစ်အောင် ကြိုးစားပြင်ဆင်နေတဲ့ အခုလို လူမျိုး ဖြစ်လာနိုင်ပါ့မလား။

ကိုယ်လုပ်ခဲ့ဖူးတဲ့ အမှားတွေကြောင့် နောင်တရတယ်ဆိုရင် ဒီနောင်တတွေကနေ ကျွန်တော်တို့ ဘာပြန်ရလိုက်ကြလဲ။ ဘဝနဲ့ရင်းလိုက်ရတဲ့ သင်ခန်းစာတွေ ပြန်ရလိုက်ပါတယ်။ ပထမတစ်ခါ မှားတာက ကျွန်တော်တို့ အပြစ် မဟုတ်ပေမဲ့ ဒီအမှားကို ဒုတိယတစ်ခါ ထပ်မှားရင်တော့ ကျွန်တော်တို့ အပြစ် ဖြစ်သွားပါပြီ။ မနေ့ကအမှားတွေထဲက သင်ခန်းစာ ယူသင့်တာယူကာ မေ့ပစ်သင့်တာတွေ မေ့ပစ်လိုက်ပြီး ဒီနေ့မှာထပ်မမှားအောင် ကြိုးစားမှသာ နောင်တတွေကို အတိတ်မှာ ချန်ခဲ့နိုင်မှာဖြစ်ပါတယ်။

ကိုယ့်ရဲ့အမှားတွေကို ဖက်တွယ်ပြီး နောင်တတွေထဲ နစ်မြုပ်နေမဲ့အစား ဒီအမှားတွေကို အခွင့်ရေးတွေလို မြင်ကြည့်ပါ။ ကိုယ်ဘယ်နေရာ မှားသွားတာလဲ၊ ဘာတွေ ပိုတိုးတက်အောင် လုပ်လို့ရမလဲ စတာတွေကို ပြန်သုံးသပ်ပြီး မနေ့ကထက် ပိုကောင်းတဲ့ လူတစ်ယောက်အဖြစ် ရှေ့ဆက်ပါ။

ကိုယ့်ကိုယ်ကိုယ် ကြင်နာပါ။ တစ်ခါတလေ အလုပ်ပြီးချင်ဇောနဲ့ မနားတမ်း ဆက်တိုက် အလုပ်လုပ်ပြီး ခန္ဓာကိုယ် ကိုအနားပေးဖို့ မေ့နေတတ်ပါတယ်။ ဒီလို အခြေနေမျိုးမှာ အမှားတွေ ပိုလုပ်မိတတ်ပါတယ်။ စိတ်သွားပေမဲ့ ကိုယ်မပါနိုင်တော့တာကြောင့် နှစ်ဆ ပိုပင်ပန်းပါတယ်။ အလုပ်ချိန် နဲ့ နားချိန်ကို မျှမျှတတ သတ်မှတ်ကြည့်ပါ။

အတိတ်က အမှားတွေကို သင်ခန်းစာယူကာ ပစ္စပ္ပုန်မှာ နေထိုင်ရင်း အနာဂတ်မှာ ထပ်မမှားအောင် ကြိုးစားပါ။ ဖက်တွယ်နေတာတွေကို အတိတ်မှာ ချန်ခဲ့လိုက်ပါ။ ရှင်သန်ခွင့်ရတဲ့ နေ့ရက်တိုင်းကို အတိတ်က ကိစ္စတွေကြောင့် အပျက်စီး မခံပါနဲ့တော့။

ကိစ္စတိုင်းကို ကျွန်တော်တို့ မထိန်းချုပ်နိုင်ဘူး ဆိုတာ လက်ခံကြည့်ပါ။ အတိတ်ကို ပြန်သွားပြီး ပြောင်းလဲခွင့်ရမယ်ဆိုရင်တောင် တချို့ကိစ္စတွေဟာ ကျွန်တော်တို့ရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိနိုင်ဘဲ ဖြစ်ဖို့ အကြောင်းတရား ပါလာတတ်ပါတယ်။ အမှန်တရားကို လက်ခံပြီး ရှေ့ဆက်လျှောက်နိုင်ဖို့ ကြိုးစားကြည့်ပါ။

နောင်တတရားတွေက လွတ်မြောက်နိုင်ဖို့အတွက် ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်နိုင်ဖို့လိုသလို ကိုယ့်ကြောင့် သူတစ်ပါး ထိခိုက်ခဲ့ရတယ် ဆိုရင် ခွင့်လွှတ်မှု တောင်းခံဖို့ ဝန်မလေးသင့်ပါဘူး။ မိမိကိုယ်ကိုယ် ဒါမှမဟုတ် တခြားသူတစ်ယောက်ကို ခွင့်လွှတ်နိုင်ဖို့ အတွက် မေတ္တာတရား ကြီးမားဖို့ လိုပါတယ်။ အေးချမ်းတဲ့ မေတ္တာတရားကြောင့်သာ လေးလံတဲ့ နောင်တ ဝန်ထုပ်ဝန်ပိုးတွေကို လွှတ်ချနိုင်မှာ ဖြစ်ပါတယ်။

အမှားတွေကနေ သင်ခန်းစာယူပြီး အကောင်းမြင်စိတ်လေးနဲ့ လက်ရှိပစ္စုပ္ပန်မှာ အပြည့်အဝ ရှင်သန်နေထိုင် ကြည့်ပါ။ ဖက်တွယ်နေတာတွေကို ကြိုးစားပြီး လွှတ်ချကြည့်ပါဗျ။

ပညာရေးနဲ့ ပတ်သက်တာတွေအပြင် အခုလို နေ့စဥ် ဘဝမှာ ဖြစ်တတ်တာလေးတွေကိုပါ Sharing လုပ်ပေးနေတဲ့ ကျွန်တော်တို့ရဲ့ Page ကို Like and Follow လုပ်ထားဖို့ မမေ့နဲ့နော်။

GED နဲ့ပတ်သက်ပြီး ဘာပဲလိုလို မေးလို့ရတဲ့ James ED ရဲ့ Telegram Channel လေးရှိနေပြီနော်။

https://t.me/JamesEDstudygroup